အဝလွန်ခြင်းနဲ့ ကလေးရနိုင်ချေ

ရေးသားသူ : MATE မျိုးဆက်ပွားကျန်းမာရေး

အဝလွန်ခြင်းနဲ့ ကလေးရနိုင်ချေ”

 

အဝလွန်ခြင်းဟာ ကလေးရနိုင်ချေကို အနှောင့်အယှက် ပေးသလား။ ယေဘုယျအားဖြင့် အဝလွန်တာဟာ ကိုယ်ကျန်းမာရေး၊စိတ်ကျန်းမာရေးကို အနည်းနဲ့အများ ထိခိုက်စေတဲ့အကြောင်း အားလုံးသိထားပြီးသားဖြစ်မှာပါ။ဒီဆောင်းပါးလေးမှာတော့ အဝလွန်ခြင်းနဲ့ မျိုးအောင်ခြင်း (ကလေးရနိုင်ခြင်း)အကြား ဘယ်လိုဆက်စပ်မှုရှိနေသလဲဆိုတာကို ဆွေးနွေးကြရအောင်ပါ။

 

BMI လို့ခေါ်တဲ့ ခန္ဓာကိုယ်အလေးချိန် အညွှန်းကိန်း ၃၀ ထက်ကျော်လွန်နေတာကို အဝလွန်တယ်လို့ ယေဘုယျသတ်မှတ်ပါတယ်။ အဝလွန်ခြင်းဟာ သားဥကြွေခြင်းကို အနှောင့်အယှက်ပေးရုံသာမက ပုံမှန်သားဥကြွေတဲ့ အမျိုးသမီးတွေမှာတောင်မှ ကလေးရဖို့ကို အနှောင့်အယှက်ပြုပါတယ်လို့ သုတေသနအသစ်တွေက ဆိုပါတယ်။

 

အတော်လေး အ၀လွန်နေတဲ့ အမျိုးသမီးတွေဟာ ပုံမှန်ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် ပုံမှန်ထက်တော့ နည်းနည်းပိုဝတယ်၊ဒါပေမယ့် အဝမလွန်ဘူးဆိုတဲ့ အမျိုးသမီးတွေနဲ့ နှိုင်းယှဉ်တဲ့အခါ မျိုးမအောင်ဖို့ (ကိုယ်ဝန်မရဖို့) အခွင့်အရေး ၄၃ ရာခိုင်နှုန်းပိုများနေတယ်လို့ ဆိုပါတယ်။

 

ဒါကြောင့် ပုံမှန်သားဥကြွေတဲ့ (ဓမ္မတာမှန်တဲ့) အမျိုးသမီးတွေတွေမှာတောင် အဝလွန်နေမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ချေ အတော်လေးနည်းနေပါတယ်။တကမ္ဘာလုံးမှာလည်း အဝလွန်တဲ့ ပြဿနာတွေကို ပိုပိုရင်ဆိုင်လာရတာမို့ ဒီကိစ္စဟာ အရေးကြီးပါတယ်။ ဒီသုတေသနစမ်းသပ်ချက်မှာ ပါဝင်တဲ့ စုံတွဲတွေကို လေ့လာကြည့်မယ်ဆိုရင် နှစ်ဦးနှစ်ဖက်လုံးမှာ မျိုးမအောင်နိုင်တဲ့ ပြဿနာ ထူးထူးထွေထွေ ရှိမနေပါဘူး။အမျိုးသမီးတွေအနေနဲ့ ပုံမှန် သားဥကြွေနေသလို အမျိုးသားတွေအနေနဲ့လည်း သုတ်ရည် အရည်အသွေးပုံမှန်ရှိနေပါတယ်။ ဒါကြောင့် အဝလွန်ခြင်းဟာ ကလေးရဖို့ကို အနှောင့်အယှက် ပေးနိုင်တဲ့ ပြဿနာတခုပါ။

 

ရှင်းရှင်းပြောရရင် ရာသီစက်ဝန်းပုံမှန်ရှိတဲ့ အမျိုးသမီးတယောက် ကလေးမရဖို့ အဝလွန်ခြင်းပြဿနာက ဘယ်လိုနှောင့်ယှက်သလဲဆိုတဲ့ အကြောင်းရင်းခံကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ဒါပေမယ့် -အစာစားချင်စိတ်နဲ့ တနေ့တာလိုအပ်တဲ့ စွမ်းအင်သုံးစွဲမှုတို့ကို ထိန်းချုပ်ပေးတဲ့ ‘leptin’ ဟော်မုန်း ကောင်းစွာအလုပ်မလုပ်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဝမ်းဗိုက်နားတဝိုက်မှာ ထုနဲ့ထည်နဲ့ ပိုလျှံနေတဲ့ အဆီတွေဟာလည်း မျိုးမအောင်ခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတခုပါ။ -ဒါ့အပြင် သွေးတွင်းလည်ပတ်နေတဲ့ လိင်သဘာဝဟော်မုန်းပမာဏ အပြောင်းအလဲဖြစ်ခြင်းဟာလည်း ဒီပြဿနာကို မီးလောင်ရာလေပင့်ပေးနိုင်ပါတယ်။

 

အထက်မှာဖော်ပြခဲ့တဲ့ အချက်တွေအားလုံးက ဦးတည်နေတာကတော့ androgen လို့ခေါ်တဲ့ ဟော်မုန်းတမျိုးရဲ့ ပမာဏများပြားလာခြင်းပဲ ဖြစ်ပါတယ်။နောက်ဆက်တွဲအနေနဲ့ ရာသီမမှန်တာ၊ထိမ်တာတွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

 

ရုပ်ပိုင်းဆိုင်ရာပြဿနာတွေအပြင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကလည်း အဝလွန်တဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရရှိဖို့ ခက်ခဲစေပါတယ်။
-လိင်စိတ်နည်းပါးလာခြင်း။
-လိင်မှုကိစ္စဆိုင်ရာ ပြဿနာများနှင့် ရင်ဆိုင်ရခြင်း။
-အခြားအတွဲတွေနဲ့စာရင် လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက် နည်းပါးခြင်း စတဲ့ ပြဿနာတွေကနေတဆင့် ကိုယ်ဝန်ရဖို့ အခွင့်အလမ်း နည်းလာစေပါလိမ့်မယ်။

 

အဝလွန်တဲ့ အမျိုးသမီးတွေမှာ ကိုယ်ဝန်ရဖို့ အခက်အခဲအပြင် အခြားသော မျိုးဆက်ပွါးဆိုင်ရာ ပြဿနာတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။ဒါတွေကတော့
-ရာသီမမှန်ခြင်း။
-သားဥကြွေခြင်းဆိုင်ရာ ပြဿနာများ။
-androgen ဟော်မုန်းပမာဏများပြားလာခြင်း။
-Polycystic ovarian syndrome (PCOS) ဝေဒနာကို ခံစားရနိုင်ခြင်း။
-ကိုယ်ဝန်ရခဲ့ပါကလည်း သားပျက်သားလျှော ဖြစ်နိုင်ချေများခြင်း။
-Assisted reproductive technologies (ART) လို့ခေါ်တဲ့
သမားရိုးကျနည်းမဟုတ်ဘဲ ဆေးသိပ္ပံပညာအကူအညီနဲ့ ကလေးရယူဖို့ ကြိုးစားရာမှာလည်း အခက်အခဲတွေ ပေါ်ပေါက်လာနိုင်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အဝလွန်တဲ့ အမျိုးသမီးတွေအနေနဲ့ ကိုယ်အလေးချိန်လျှော့ချဖို့ ဦးတည်ကြိုးပမ်းရမှာဖြစ်ပါတယ်။

 

Dr. Thiha

 

>>> ကိုယ်ဝန်ဆောင် နဲ့ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေ အမြဲဖတ်ရှုနိုင်အောင် MATE – မိတ် မျိုးဆက်ပွားကျန်းမာရေး page ကို Like and see first လုပ်ထားဖို့ မမေ့နဲ့နော့်။
.
Comment boxမှာဖြစ်စေ၊ Chat Box မှာဖြစ်စေ၊ Hot Line (၀၉ ၄၃ ၁၁၁ ၀၀၀) ကို ဖုန်းဆက်ပြီးဖြစ်စေ ဆရာဝန်၊ ဆရာမတွေနဲ့ အခမဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလို့လည်း ရတယ်နော် ။
.
တနင်္လာ ကနေ သောကြာ မနက် ၉း ၃၀ ကနေ ၄ နာရီ အထိ ပြန်ဖြေပေးပါတယ်။

မျှဝေမည်
  •  
  •  
  •