ကိုယ်ဝန်ဆောင်နဲ့ဗိုက်ကြောပြတ်ခြင်း

ရေးသားသူ : MATE မျိုးဆက်ပွားကျန်းမာရေး

ကိုယ်ဝန်ဆောင်နဲ့ဗိုက်ကြောပြတ်ခြင်း”

 

အမျိုးသမီးတစ်ယောက်ကိုယ်ဝန်ရှိပြီဆိုတာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ စိတ်အညစ်ရဆုံးထဲမှာ ဗိုက်ပူတာ၊ ကိုယ်အလေးချိန်တိုးလာတာနဲ့ ဗိုက်ကြောပြတ်တာပါပဲ။

ဗိုက်ကြောပြတ်တယ်ဆိုတာ ဘာလဲ?

သိပ္ပံနည်းကျ ဆေးပညာအရ တိတိကျကျပြောရရင် ကျွန်မတို့အမျိုးသမီး ခန္ဓာကိုယ်ဖွဲ့စည်းပုံက အမျိုးသားတွေထက် အဆီပိုများပါတယ်။ နောက်ဟိုမုန်းlevel ပေါ့နော်။ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်အလေးချိန်အတက်အကျ မြန်တာ၊ ဟိုမုန်းlevel မညီမျှတာမျိုးမှာဆိုရင် ခုလိုဗိုက်ကြောပြတ်တာဖြစ်တတ်ပါတယ်။ တိတိကျကျပြောရရင် အကြောပြတ်တာပေါ့။ ဗိုက်မှာတင်မဟုတ်ဘဲ အဆီရှိတဲ့နေရာ ဥပမာ လက်မောင်း၊ နောက်ကျော၊ တင်ပါးနဲ့ ပေါင်တို့မှာလည်း တွေ့ရတတ်ပါတယ်။ ကိုယ်ဝန်ဆောင်မှမဟုတ်ဘူး၊ အမျိုးသားအမျိုးသမီး အားလုံးဖြစ်တတ်ကြပါတယ်။ အမျိုးသမီးတွေကတော့ ပိုဖြစ်တတ်တာပေါ့နော်။ ရုပ်ပိုင်းဆိုင်ရာ ပိန်လိုက်ဝလိုက် အပြောင်းလဲအမြန်ကြီး ဖြစ်တဲ့အခါမှာ ကျွန်မတို့အရေပြားက လိုက်ညှိချိန်အလုံလောက် မရတော့ပါဘူး။ အဲ့အခါမှာ ခုလိုဗိုက်ကြောပြတ်တာ၊ အကြောပြတ်တာမျိုးဖြစ်လာတာပါ။ အနီးစပ်ဆုံးဥပမာပေးရရင် သားရေကွင်းတစ်ကွင်းကို အဆုံးထိဆွဲဆန့်ပြီးသွားတဲ့အခါ သားရေကွင်းက သူဆန့်နိုင်ကျုံ့နိုင်တဲ့ပမာဏကို ကျော်လွန်သွားရင် ပျော့ပြဲပြဲကြီးဖြစ်သွားတတ်တယ်မဟုတ်လား။ အဲလိုပါပဲ ကျွန်မတို့အရေပြားကလည်း ရုတ်တရက်ကိုယ်ဝန်ရှိလို့ အလေးချိန်တိုးလာလို့ ဗိုက်ပူလာတဲ့အခါမှာ အရေပြားကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး အရေပြားမှာရှိတဲ့collagen လို့ခေါ်တဲ့ fiber အမျှင်လေးတွေက ပြတ်ထွက်ကုန်ပါတယ်။ အဲ့ခါမှာ ခုလိုအကြောပြတ်ရာတွေ ပေါ်လာတာပေါ့။ စဖြစ်ခါစမှာ ပန်းရောင်ဖျော့ဖျော့လေးတွေ.. ယားလဲယားတတ်တယ်။ နောက်ပိုင်း အရောင်ရင့်လာတတ်ပါတယ်။ ပင်ကိုယ်အသားရောင်ပေါ်လည်း မူတည်တာပေါ့။

ကဲ..ခုတော့ ဗိုက်ကြောပြတ်တဲ့အကြောင်း သိသင့်သလောက်သိသွားပြီဆိုတော့ ဘယ်လိုကာကွယ်ရမလဲ၊ ဖြစ်ပြီးသွားပြီဆိုရင်ရော သက်သာအောင်ဘယ်လိုလုပ်မလဲဆိုတာ သွားကြရအောင် …

၁) ကိုယ်အလေးချိန်ထိန်းသိမ်းပါ။

ဒါကတော့ကိုယ်ဝန်ဆောင်မှမဟုတ်ဘူး၊ အမျိုးသမီးတိုင်း အထူးသဖြင့် အိမ်ထောင်သည်အမျိုးသမီးတွေ ကျန်းမာတဲ့ကိုယ်ခန္ဓာအချိုးစားရှိဖို့ လှလှပပနဲ့ယုံကြည်မှုရှိဖို့ ကိုယ်အလေးချိန် ထိန်းသိမ်းသင့်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေဆိုရင်လေ ကိုယ်ဝန်ရှိပြီဆိုတာနဲ့ စားချင်တာတွေကို limit မရှိစားတတ်ကြတယ်။ အဲတော့ဝတာမြန်တာပေါ့။ မြင်သာအောင်ထောက်ပြရရင် ကလေးတစ်ယောက်မွေးတဲ့အချိန် ရှိသင့်တဲ့ကိုယ်အလေးချိန်ဟာ ၅ပေါင်နဲ့ ၈ပေါင် ၉ပေါင်ကြား၊ ရေမွှာရည်အလေးချိန်ဟာ ၃၈ပါတ်မှာ တစ်လီတာပမာဏ အဲ့တော့ ကလေးရယ် ရေမွှာရယ်ပေါင်းမှ ၁၀ပေါင်ပေါ့။ အဲ့ဒီတော့ ကိုယ်ဝန်ဆောင်တစ်ယောက် အလေးချိန်တိုးလာရင်လည်း ၁၅ပေါင် နဲ့ ပေါင်၂၀ကြားလောက်ထိပဲ တိုးလာသင့်ပါတယ်။ အဲ့ထက်မပိုသင့်ပါဘူး။ ရုတ်တရက်ကြီးတိုးတာထက် ဖြည်းဖြည်းမှန်မှန်ပဲတိုးသင့်ပါတယ်။
အဲတော့ဘာတွေစားသင့်လဲပေါ့။ စားချင်တာတွေထက် စားသင့်စားထိုက်တာ၊ ကျန်းမာရေးနဲ့ညီညွတ်တာတွေပဲ စားသင့်ပါတယ်။ ကိုယ်ဝန်ဆောင်နဲ့အစားသောက်ဆိုပြီး ဆောင်းပါးသက်သက် ရေးပေးပါဦးမယ်နော်။ နောက်ကိုယ်လက်လှုပ်ရှားမှုပေါ့။ မနက်ခင်းလမ်းလျှောက်တာ၊ ရွရွလေးပြေးတာ၊ ယောဂဆော့တာ စတဲ့ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို ပုံမှန်လုပ်ပေးသင့်ပါတယ်။

 

၂) ရဓာတ်ပြည့်ဝအောင်နေခြင်း

ဟုတ်ပါတယ်။ ခန္ဓာကိုယ်ရော အရေပြားပါ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ရေဓာတ်ပြည့်ဝပြီး အသားရေစိုပြေနေရင် အကြောပြတ်ဖို့အတွက် အခွင့်အလမ်းနည်းပါတယ်။ အသားခြောက်တဲ့သူတွေဟာ ဗိုက်ကြောပြတ်ရင် အရောင်ပိုရင့်တတ်ပါတယ်။ အဲ့တော့ ရေများများသောက်၊ အရေပြားအတွက်လဲ lotion ၊Body oil ပုံမှန်လိမ်းပေးသင့်ပါတယ်။

၃) vitamin C မှီဝဲပါ။

အရေပြားအတွက်အလိုအပ်ဆုံး Collagen fiber ထုတ်လုပ်မှုအတွက် Vitamin C က မရှိမဖြစ်လေ။ အဲ့တော့ ဆေးအနေနဲ့မမှီဝဲချင်ရင်တောင် vitamin C ပါတဲ့ အစားအသောက်၊ အသီးအနှံတွေကို မကြာခဏ စားသောက်ပေးသင့်ပါတယ်။ နောက် အရိုးစွပ်ပြုတ်ပေါ့နော်။ အဆီမပါဘူး။ အရိုးပြုတ်ရေ၊ အရွတ်တွေ၊ ငါးအရေခွံတွေကို စားပေးသင့်ပါတယ်။ အဲတာက သဘာဝကရတဲ့ collagenတွေမို့လို့ပါ။

 

၎) ဇင့်ဓာတ်(သွပ်)မှီဝဲပါ။

Zincဓာတ်ဟာဆိုရင်လည်း အရေပြားယောင်ယမ်းတာတွေကို သက်သာစေပါတယ်။ အဲ့အတွက် ဇင့်ပါတဲ့အစားစာတွေဖြစ်တဲ့ အသားငါး၊ ဥအမျိုးမျိုး၊ အုတ်ဂျုံ စတာတွေကို သင့်တင့်အောင်စားပေးသင့်ပါတယ်။

 

၅) နာက်ဆုံးအနေနဲ့ကတော့ အရေပြားလိမ်းဆီ လိမ်းတာပါ။

အရေပြားကုထုံးဆီတွေဟာ ဗိုက်ကြောပြတ်တာတွေကို ထိထိရောက်ရောက် ကုသပေးနိုင်ပါတယ်။ မဖြစ်ခင်ထဲက ကြိုလိမ်းရင်လည်း ကာကွယ်ရာရောက်သလို ဖြစ်ပြီးမှဆိုလည်း သက်သာလာအောင် ကူညီပေးနိုင်ပါတယ်။ ဗိုက်ကြောပြတ်ရာတွေအတွက် အဓိကထားပြီးထုတ်လုပ်ထားတဲ့ ကုထုံးဆီAnti stretch marks serumတွေ ဈေးကွက်ထဲမှာရှိသလို အလွယ်တကူရနိုင်တဲ့ သံလွင်ဆီ၊အုန်းဆီတွေ လိမ်းပေးလို့လည်းရပါတယ်။ နောက်ကလေးမွေးပြီးရင်လည်း ဆက်လိမ်းပေးနိုင်ပြီး ဗိုက်စည်းပေးဖို့ လိုအပ်ပါတယ်။

ဒီလောက်ဆိုရင်တော့ မေမေတို့ရေ…
ဗိုက်ကြောပြတ်တာအတွက် စိတ်ညစ်စရာမလိုတော့ပဲ stretch marks တွေကို bye bye လုပ်ပြီး လှလှပပနေနိုင်ကြပြီပေါ့။

 

Scarlette(ဆေး၁)

 

ကိုယ်ဝန်ဆောင် နဲ့ မျိုးဆက်ပွားကျန်းမာရေး ဗဟုသုတတွေ အမြဲဖတ်ရှုနိုင်အောင် MATE – မိတ် မျိုးဆက်ပွားကျန်းမာရေး page ကို Like and see first လုပ်ထားဖို့ မမေ့နဲ့နော့်။Comment boxမှာဖြစ်စေ၊ Chat Box မှာဖြစ်စေ၊ Hot Line (၀၉ ၄၃ ၁၁၁ ၀၀၀) ကို ဖုန်းဆက်ပြီးဖြစ်စေ ဆရာဝန်၊ ဆရာမတွေနဲ့ အခမဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်းတိုင်ပင်ဆွေးနွေးလို့လဲ ရတယ်နော် ။
.
တနင်္လာ ကနေ သောကြာ မနက် ၉း ၃၀ ကနေ ၄ နာရီ အထိ ပြန်ဖြေပေးပါတယ်။

မျှဝေမည်
  •  
  •  
  •